၁၃။ ယူဂန္ဓာ အစုလိုက် သတ်သေပွဲ

သက္ကရာဇ် ၂ဝဝဝ ထောင်ပြည့်၊ မတ်လ ၁၇ ရက်နေ့တွင် 'ပညတ်တော် ဆယ်ပါး ပြန်လည်ထိန်းသိမ်းရေး လှုပ်ရှားမှု' အာဖရိကန်လူမည်း အဖွဲ့ဝင် ၅ဝဝ ထက် မနည်းသည် ယူဂန္ဓာနိုင်ငံ အနောက်ပိုင်းဒေသ၊ ကန်ငူ (Kangngu)မြို့ရှိ သစ်သား အဆေယင်အအုံ ဘုရားရှိခိုးကျောင်းငယ်တစ်ခု အတွင်းသို့ ဝင်ရောက် နေရာယူ လျက် ခါတိုင်းကဲ့သို့ နာရီအတန်ကြာ ခရစ်ယန်ဘာသာရေးသီချင်းများ သီဆိုပြီး ဆုတောင်း ဝတ်ပြုနေခဲ့ကြသည်။ ဝင်ပေါက် တံခါးမကြီးကို သော့ခတ်ထားပြီး ပြတင်းပေါက်များကို သံဖြင့် အသေပိတ်ထားသည်။ ယင်းနောက် ဆုတောင်း ဝတ်ပြုသူများသည် ထာဝရဘုရားသခင် နှင့်တွေ့ဆုံရန် အဆောက်အအုံကို မီးရှို့ပြီး သတ်သေလိုက်ကြသည်။ အတွင်းရှိသူအားလုံး သေဆုံး ကုန်သည်။ အာဏာပိုင်များသည် နောင်အခါ ကလေး ၁၁ ယောက် အပါအဝင် ၎င်းတို့၏ မီးလောင် ကျွမ်းသည့် ကိုယ် ခန္ဓာများကို တွေ့ရှိကြရသည်။

ခရစ်ယန် ဘာသာရေးအစွန်းရောက် အဖွဲ့တစ်ခုကြောင့် ယင်းသို့ သေဆုံးရကြောင်း ရဲအဖွဲ့က သိသွားသောအခါ အာဖရိကတစ်တိုက်လုံး ထိတ်လန့်မှုဖြင့် လှုပ်လှုပ်ရွရွ ဖြစ်သွားသည်။ ၎င်းတို့၏ ကိုယ်ခန္ဓာကို စစ်ဆေးခဲ့ကြသည့် ပညာရှင် များအဆိုအရ အချို့ အဆိပ်သောက်ခဲ့ပြီး အချို့မှာ ရုန်းကန် လှုပ်ရှားခဲ့ကြသည်။ အများစုမှာ ထိုးနှက်ခြင်းကြောင့် ဒဏ်ရာများ သို့မဟုတ် ဦးခေါင်းခွံများ ကွဲအက် နေသည်။ ၎င်းတို့၏ ခန္ဓာကိုယ်အလောင်းများကို အဆောက်အအုံ အောက်၌ မြှုပ်ထား သို့မဟုတ် တွင်း နှင့် အိမ်သာကျင်းများသို့ ပစ်ချထားသည်။

အစွန်းရောက်သေဆုံးမှုသည် တဖြည်းဖြည်း ၇၈ဝ အထိ ရှိခဲ့သည်။ အချို့ သတင်းများအဆိုအရ နောက်ဆုံး အရေ အတွက်မှာ ၁ဝဝဝ ထက်ကျော်သည်ဟု လေ့လာစုံစမ်းမှုဆိုင်ရာ သတင်းများက ဆိုသည်။ ယင်းလှုပ်ရှားမှု၏ အစုလိုက် သတ်သေမှုမှာ သမိုင်းတွင် မှတ်တမ်းတင် ထားပြီးသမျှ တုန် လှုပ်ထိတ်လန့်ဖွယ် အကောင်းဆုံး အစွန်းရောက်တို့၏ ကြေကွဲဖွယ်ဖြစ်ရပ် ဖြစ်ပြီး ဂျုန်းစ်တောင်း၏ (Jonestown) ၏ လုပ်ရပ်ကိုပင် ကျော်လွန်သွားခဲ့သည်။

အဆိုပါ 'ပညတ်တော်ဆယ်ပါး ပြန်လည်ထိန်းသိမ်းရေး လှုပ်ရှားမှု' အဖွဲ့ကို ဂျိုးဆက် ကိဗ်ဝက်တာ (Joseph Kibwetere)အမည်ရှိ လူမည်းပုဂ္ဂိုလ်က ၁၉၈ဝ ပြည့်နှစ် နှောင်းပိုင်းတွင် တည်ထောင်ခဲ့ပြီး တစ်ချိန်တွင် အဖွဲ့ဝင် ၅ဝဝဝ အထိ တိုးတက်ခဲ့နိုင်ဖွယ်ရှိသည်။ အသက် ၆၈ နှစ်ရှိသူ မိမိဘာသာ ဘိရှော့ (ဘုန်းကြီး) ဘွဲ့ခံယူထားသည့် အဆိုပါ လူမည်း ပုဂ္ဂိုလ်သည် တစ်ချိန်က အထင်ကရ ရိုမန်ကက်သိုလစ်ဘာသာဝင် ဖြစ်ပြီး ယူဂန္ဓာနိုင်ငံရေး၌ တက်ကြွသူ ဖြစ်ခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် ကိဗ်ဝက်တာသည် စိတ်ကျန်းမာရေးကုသရန် စိတ်ရောဂါကု ဆေးရုံသို့ တက်ခဲ့ရသည်။ ကမ္ပလာမြို့ ဗူတဗိကာ စိတ်ရောဂါကုဆေးရုံမှာ ညွှန်ကြားရေးမှူး ဒေါက်တာ ဖရက်ကိဂိုဇီ (Fred Kigozi) က '၎င်းတွင် စိတ်ထိခိုက် မှုကြောင့် စိတ်ကစဥ့်ကလျား ဖြစ်ခြင်းရောဂါနှင့် စိတ်ကြွ စိတ်အားငယ်ခြင်း' ရောဂါရှိကြောင်း ၎င်းအား အကြံပြုခဲ့သည်။

ကိဗ်ဝက်တာက မိမိသည် ယေရှုခရစ်တော်နှင့် အပျိုစင်မယ်တော် မေရီတို့အကြား ပြောဆိုဆွေး နွေးမှုများကို ကြားနာနိုင်သည့် စွမ်းရည်ရှိကြောင်း ဆိုသည်။ အပျိုစင် မယ်တော် မေရီသည် ကမ္ဘာ့ လူသားများ ပညတ်တော်ဆယ်ပါးမှ သွေဖည်နေကြမှုအပေါ် အလွန် ပြစ်တင်ကြောင်း၊ ယင်းသို့ ဖြစ်၍ သက္ကရာဇ် ၂ဝဝဝ တွင် ကမ္ဘာကြီးပျက်စီးမည့် အကြောင်း ကြေညာရန် ၎င်းအား အမိန့် ချမျတ် ထားကြောင်း ဟောပြော၍ စည်းရုံးသည်။

ကိဗ်ဝက်တာသည် ကမ္ဘာလူသား အားလုံးနီးပါး ပျက်စီးမည့် ကပ်ဘေးတစ်ခုအတွက် ကြိုတင် ဟောကိန်း ထုတ်ထားသည့် လက်စွဲစာအုပ်ငယ်တစ်အုပ် ရေးသားသည်။ ပညတ်တော် ဆယ်ပါးကို လိုက်နာပြီး ၎င်း၏စကားကို နားထောင် သူများသည်သာလျှင် 'မိသားစုကယ်လှေကြီး'ဟု ၎င်းခေါ်ဝေါ် သော ၎င်း၏ ဘုရားကျောင်းအတွင်း၌ ချမ်းသာပေးနိုင် မည်ဟု ဆိုသည်။

ကက်သိုလစ် တရားဟောဆရာ ဒိုမိနိကာ ခါတာရိ ဗားဗို (Dominica Kata-ribaabo)သည် ယင်း လှုပ်ရှားမှု၌ ပါဝင်လာပြီး ကိဗ် ဝက်တာ၏ အောက်၌ ဒုတိယ ခေါင်းဆောင်ဖြစ်လာသည်။ သို့ရာတွင် ကိဗ် ဝက်တာ၏ အထူးထုတ်ဖော်ချက်သည် ရိုမန်ကက်သိုလစ် ဘုရားကျောင်းမှ ၎င်းတို့နှစ်ယောက် လုံးအား ထုတ်ပယ်ပြီး အဆက်အသွယ် ဖြတ်တောက်ပစ်ခြင်းသို့ ဦးတည်သွားခဲ့သည်။ မာဗရာရာ ဒီအိုဆေဆီ (Mbarara Diocese)ဘုရားကျောင်းမှ ဘုန်းကြီးဟောင်းဖြစ် သူက 'ကိဗ် ဝက်တာ၏ ထာဝရဘုရားသခင်အား စကားပြောနိုင်ကြောင်း အဆိုမှာ လက်ခံနိုင်ဖွယ်မရှိ'ဟု ငြင်းဆိုသည်။ ကိဗ် ဝက်တာ၏ မိသားစုက ၎င်းသေပြီဟု ဆိုသည်။ ၎င်း၏ကိုယ်ခန္ဓာကို အတိအကျ မတွေ့သော်လည်း ၎င်းဝတ်ဆင်ခဲ့သည်ဟု ယုံကြည်ရသော လက်စွပ်ကိုမူ ပြာကျသွားသော ဘုရားကျောင်း၏ အကျိုး အပဲ့များအကြားမှ လက်အပိုင်းအစတစ်ခု၌ တွေ့ရှိခဲ့သည်။ ရဲများသည် ဒိုမိနိကာ ခါတာရိဗားဗို၏ ရုပ်အလောင်းကို လုံးဝမတွေ့ခဲ့သော်လည်း ၎င်း၏ ၁၉၉၇ ခုနှစ် နိုင်ငံကူးလက်မှတ်ကို တွေ့ခဲ့သည်။

ကရီဒိုနီယာ မရိန်းဒီ (Credonia Mwerinde) အမည်ရှိ အမျိုးသမီးနှင့် ပတ်သက်၍မူ မရှင်းလင်း ဘဲရှိသည်။ ရဲအဖွဲ့က ၎င်း၏အလောင်းကို ရှာ ဖွေတွေ့ရှိခဲ့ ကြောင်းဆိုသော်လည်း အချို့က အသက် ရှင်နေသေးသည် ဟု ယူဆသည်။ ယင်း အယူသည်းသတ်သေပွဲ၌ မသေဘဲ ရှင်ကျန်ခဲ့ သူများက ထိုအမျိုးသမီးသည် အခြား ခေါင်းဆောင်များကို သတ်ပြီးနောက် ထွက်ပြေး သွားသည်ဟု ဆိုသည်။ ဒေသဆိုင်ရာ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ဘုရားကျောင်း မီးမလောင်မီ ရက်အနည်းငယ်ကပင် မရိန်းဒီ သည် အဖွဲ့ပိုင်မြေယာများ၊ မော်တော်ယာဉ်များနှင့် အဆောက်အအုံ များကို ရောင်းချရန် ၎င်းအား ပြောကြားခဲ့ကြောင်း ဝန်ခံခဲ့သည်။

အာဖရိက ရုပ်မြင်သံကြားဌာန တစ်ခုအတွက် ဖော်ပြခဲ့သည့် မှတ်တမ်းတစ်ခုအရ 'ငွေနှင့်အလိုရမ္မက်' သည် မရိန်းဒီအား ပထမတွင် ယင်းအယူသည်း အဖွဲ့ကို တည်ထောင်ရန် တွန်းအားပေး သကဲ့သို့ ယင်းအဖွဲ့ကို ဖျက်ဆီးရန်လည်း ဦးတည်သွားစေခဲ့ကြောင် ဝေဖန်ပြောဆိုသည်။ အပြည်ပြည်ဆိုင်ရာ ဥပဒေစိုးမိုး ရေးအဖွဲ့သည် 'ပညတ်တော်ဆယ်ပါး ထိန်းသိမ်းရေးလှုပ်ရှားမှု' အဖွဲ့ခေါင်းဆောင်များကို လိုက်ရှာခဲ့ကြသော်လည်း အချည်းနှီးသာဖြစ်သည်။ မည်သည့် ခေါင်းဆောင် များကိုမျှ ဖမ်းဆီး သို့မဟုတ် အကျဉ်းချနိုင်ခြင်း မရှိခဲ့ချေ။

----------------------

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP