၃။ ဆိုကရေတီးနှင့် ယေရှု တွေ့ဆုံခြင်း အမှတ် (၁)

ဘဝအဓိပ္ပာယ်

ဆိုကရေတီး။ ။ မင်္ဂလာနံနက်ပါ သခင်ယေရှု ခင်ဗျာ။ ကျွန်ုပ် ခင်ဗျားရဲ့ အံ့သြဖွယ် သင်ကြားချက် များစွာကို ကြားဖူးပါပြီ။ ကျွန်ုပ်က ဟောဒီ အေသင်မြို့မှာ ကျွန်ုပ်နည်းနဲ့ အရိုးသားဆုံး အသိပညာကို ရှာဖွေနေသူပါ။ ခင်ဗျားဟာ အကြီးမြတ်ဆုံးသော ပညာရှိသူဖြစ်တယ်လို့ ခင်ဗျားနောက်က တစ်လမ်း ဝင် တစ်လမ်းထွက် လိုက်နေကြတဲ့ ကြည်ညိုသူတွေက ပြောတာ သေချာပါတယ်။ ခင်ဗျားမှာ အကယ်လို့ အချိန်ပိုလေးများရှိခဲ့ရင် ကျွန်ုပ် ဘဝတစ်လျှောက်လုံး နပန်းလုံးနေခဲ့ရတဲ့ ရှုပ်ထွေးတဲ့ ပြဿနာအချို့ကို ဖြေကြားပြီး ကျွန်ုပ်ကို အသိဉာဏ် ဖွင့်ပေးနိုင်ရင် ကျွန်ုပ် သိပ်ပျော်မှာပဲ။

ယေရှု။ ။ ကျွန်ုပ်က နောက်လိုက်တပည့် ရှာဖွေရာမှာ ငါးမျှားသူလိုပဲ လူမျှားသူ တစ်ယောက်ပါ။ ကျုပ်က လူသား အားလုံးအတွက် ထာဝရဘုရားရဲ့ အမှန်တရားကို သယ်ယူလာသူပါ။ ရှာဖွေပါ၊ တွေ့ရှိပါ လိမ့်မယ်။ မေးမြန်းပါ၊ အရှုပ်ကို ဖြေပေးပါ့မယ်။ အဲဒီ အဖြေက ခင်ဗျားရဲ့ အသိဉာဏ်ကို ဖွင့်လင်း စေပါလိမ့်မယ်။

ဆိုကရေတီး။ ။ ကျွန်ုပ်စိတ်ထဲမှာ တစ်ချိန်လုံး အထင်ရှားဆုံးရှိနေတဲ့ အခြေခံ မေးခွန်းလေး တစ်ခုကို မေးပါရစေ။ ဒီအကြောင်းအရာဟာ သစ္စာတရားနဲ့ ဘဝ အဓိပ္ပာယ်ကို ရှာဖွေနေတဲ့ ကျွန်ုပ်အဖို့ အမြဲတမ်း ကျော်ဖြတ်မရတဲ့ အနှောင့်အယှက် ဖြစ်နေပေမဲ့ ခင်ဗျားရဲ့ အသိပညာနဲ့ လူမိုက်အို ကျွန်ုပ်ရဲ့ အဲဒီ မေးခွန်းကို လွယ်လွယ်နဲ့ ရှင်းပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်ုပ်ဟာ ကောင်းမွန် မြင့်မြတ်တဲ့ ဘဝဖြစ်ချင်ပေမယ့် ကောင်းမွန်မြင့်မြတ်တယ် ဆိုတာကိုတောင် နားမလည်ဘဲ ခလုတ်တိုက်နေပါတယ်။ ကျွန်ုပ်ရဲ့ ကန့်သတ်ခံ နားလည်မှုနဲ့ ပြောရရင် ဘဝဆိုတာ ဘာမှအဓိပ္ပာယ် မရှိဘူးလို့ ထင်ပါတယ်။ လူဟာ ဘဝကို ဘယ်လို နေထိုင်ရမလဲ၊ ဘဝရဲ့ အဓိပ္ပာယ်က ဘာလဲဆိုတာကို တဆိတ် ပြောပြ ပါခင်ဗျာ။

ယေရှု။ ။ ဘုရားသခင်ကို အလုပ်အကျွေးပြု ကိုးကွယ် ဆည်းကပ်ပေါ့ဗျ။

ဆိုကရေတီး။ ။ ဘယ်ဘုရားသခင်ကိုပါလဲ ခင်ဗျာ။

ယေရှု။ ။ ဘုရားသခင်က တစ်ဆူတည်းပဲ ရှိပါတယ်။

ဆိုကရေတီး။ ။ အိုး၊ ခင်ဗျား အေသင်မြို့တော်မှာ နေသင့် တယ်။ ကျွန်ုပ်တို့မှာ ရွေးစရာ ဘုရားသခင်တွေ အများကြီး ခင်ဗျ။

ယေရှု။ ။ ဘုရားသခင် အစစ်က တစ်ဆူတည်းရယ်ပါ။

ဆိုကရေတီး။ ။ ဟုတ်လား။ ဒါဖြင့် ဘယ်ဘုရားသခင်က အစစ်ဖြစ်ပါသလဲ။

ယေရှု။ ။ ဘုရားသခင်အစစ်က ထာဝရဘုရားသခင်ပဲပေါ့။

ဆိုကရေတီး။ ။ ဟုတ်ကဲ့။ ထာဝရဘုရားသခင်ဆိုတာ ဘယ်သူလဲ၊ ဘာလဲ။

ယေရှု။ ။ ထာဝရဘုရားဆိုတာ ဆုံးစမရှိတဲ့ အသိပညာ၊ မေတ္တာ၊ ကရုဏာ၊ ငြိမ်းချမ်းမှုနဲ့ အကြင်နာ တရားတွေရဲ့ ပိုင်ရှင်ပါ။ စကြဝဠာ ကမ္ဘာမိုးမြေ သက်ရှိသက်မဲ့ အားလုံးရဲ့ ဖန်ဆင်းရှင်ပါပဲ။

ဆိုကရေတီး။ ။ အားလုံးကို ဖန်းရှင်းသူ၊ ဟုတ်လား။

ယေရှု။ ။ ဟုတ်ပါတယ်။ အားလုံးကို ဖန်ဆင်းပါတယ်။ အနန္တတန်ခိုးရှင်ပါ။ အားလုံးရဲ့ အရှင်သခင်၊ ထိန်းချုပ်သူ၊ အားလုံးကို ပြုလုပ်သူပါ။ ထာဝရအရှင် မသိဘဲ ပြုလုပ်တယ်ဆိုတာ ဘာမှ မရှိဘူး။

ဆိုကရေတီး။ ။ ပလိပ်ရောဂါဘေး၊ စစ်ဘေး၊ သေခြင်းတရား၊ ဆင်းရဲဒုက္ခနဲ့ မကောင်းတာတွေကိုလည်း သူ(ထာဝရ ဘုရား)ပဲ ဖန်ဆင်းတာပေါ့။

ယေရှု။ ။ မဟုတ်ပါဘူး။ အဲဒါတွေနဲ့ အခြား မကောင်းတာတွေ ဝမ်းနည်းစရာတွေက အမှောင်ထဲက ရွှေမင်းသား နတ်ဆိုးဆီက လာတာပါ၊ ဒါမှမဟုတ် လူတွေရဲ့ ချွတ်ယွင်းချက်နဲ့ မကောင်းတဲ့ သဘာဝကြောင့် ဖြစ်ရတာပါ။ ထာဝရဘုရားဆီမှာ အကောင်းတွေပဲ ရှိတယ်။ မကောင်းတာ မရှိဘူး။ ဘုရားသခင်ဆီက အကောင်းကိုပဲ ရပါတယ်။

ဒီတော့ ဆိုကရေတီးက “နတ်ဆိုတာ ဘာလဲ ”တဲ့။ အမှတ် ၂ ကို ဆက်ရှုပါ။

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP