၂၇။ ဆိုကရေတီးနှင့် ယေရှု တွေ့ဆုံခြင်း အမှတ် (၉)

ပြစ်မှုအားလုံးရဲ့ တရားခံ

ဆိုကရေတီး။ ။ လူတွေမှာ လက်နှစ်ချောင်းရှိဖို့ ဘယ်သူ ရည်ရွယ်ခဲ့တာလဲ။ နတ်ဆိုးလား။

ယေရှု။ ။ မဟုတ်ပါဘူး။ ဘုရားသခင်က ရည်ရွယ်ခဲ့တာပါ။

ဆိုကရေတီး။ ။ လူတွေမှာ ကောက်ကျစ်မှုနဲ့ ယုတ်ညံ့တဲ့ သဘာဝရှိဖို့ကို ဘယ်သူ ဖန်ဆင်းတာလဲ။ နတ်ဆိုးလား။ မဟုတ်ပါဘူး။ လူတွေမှာ ကောက်ကျစ်မှု၊ ဆိုးညစ်မှု သဘာဝရှိဖို့ကို ဘုရားသခင်ပဲ ရည်ညွှန်းခဲ့တာပါ။ အကယ်၍ လူတွေ ယုတ်မာ ဆိုးရွား ကောက်ကျစ်ခဲ့ရင် အဲဒါဟာ ဘုရားသခင် လုပ်တာပဲ။ နောက်ထပ် ဥပမာလေးတစ်ခု ပေးပါရစေဦး။ ပင်လယ်ထဲမှာ ငါးပျံကို ဖမ်းတဲ့ ငှက်တွေကို ခင်ဗျား မြင်ဖူးလား။ အဲဒီငါးပျံကို ကိုက်သတ်ဖို့ ဆန္ဒကို ငှက်ထဲ ဘယ်သူ ထည့်တာလဲ။ တရားသူကြီး ကိုယ်တိုင်ကို အရက်ဆိုင်ရှေ့ ဆွဲယူလာတဲ့အခါ လူတွေကို ဘယ်သူက အပြစ်ပေးအုံးမှာလဲ။

ယေရှု။ ။ လူတွေမှာ လွတ်လပ်ခွင့်ရှိပါတယ်။ ဘုရားသခင်က လူတွေကို အပြစ်ရှိအောင် အတင်းအကျပ် မလုပ်ပါဘူး။ ဖြောင့်မတ်ဖို့ သို့မဟုတ် အပြစ်ရှိဖို့ အခွင့်အရေးကိုပဲ ဘုရားသခင်က ပေးထားတာပါ။ အကောင်းမှတစ်ပါး ဘာကိုမှ မလုပ်နိုင်တဲ့ ရုပ်သေးရုပ်တစ်ခုလို လူသားကို ဖန်ဆင်းခဲ့ရင် လူဟာ ဘာတန်ဖိုးမှ ရှိမှာမဟုတ်ဘူးလို့ ဘုရားသခင်က ယူဆတယ်။ လူရဲ့ ကိုယ်ပိုင်ကောင်းမှုနဲ့ ရွေးချယ်မှုအရ အကောင်းနဲ့ အဆိုးဖြစ်ခွင့်ကို လူတွေကို ဘုရားသခင် ပေးချင်ခဲ့တာပါ။

ဆိုကရေတီး။ ။ ဖန်ဆင်းပြီးမှ လူတွေကို ပြစ်ဒဏ်ပေးတယ်ဆိုရင် ဘုရားသခင်အဖို့ ကြောင်းကျိုး မဆီလျော်ဘူး။ ကဗျာဆ၇ာ တစ်ယောက်က ဝက်တစ်ကောင်အကြောင်း ကဗျာရေးပြီး အဲဒီဝက် တိရစ္ဆာန်ရဲ့ အရည်အချင်းတွေကို မနှစ်သက်လို့ ရေးပြီးစာရွက်တွေကို လုံးချေဆုတ်ဖြဲ သို့မဟုတ် မီးထဲ ပစ်ချသလို ဖြစ်နေမှာပေါ့။ ဒါမှမဟုတ် ပန်းပုဆရာတစ်ယောက် ပြည့်စုံတဲ့ ဝက်ရုပ်ကို ထုလုပ်ပြီးမှ အဲဒီတိရစ္ဆာန်ရဲ့ ပြုမူပုံကို မကြိုက်လို့ ဖျက်ဆီးပစ်သလို နေမှာပေါ့။

ယေရှု။ ။ ဘုရားသခင်က လူကို အပြစ်ရှိမယ်ဆိုပြီး ကြိုတင်စီမံတဲ့ ဆိုးရွားတဲ့ သဘာဝနဲ့ ဖန်ဆင်းခဲ့တာ မဟုတ်ပါဘူး။

ဆိုကရေတီး။ ။ ဒါဖြင့် ဘယ်သူ လုပ်တာလဲ။

ယေရှု။ ။ ဘုရားသခင်က လူတွေကို အပြစ်မရှိဘဲ သဘာဝအားဖြင့် အကောင်းအနေနဲ့ ဖန်ဆင်းခဲ့ ပါတယ်။ အေဒင်သုခဘုံထဲမှာ ထားပါတယ်။ လူတွေကို ဆန္ဒ လွတ်လပ်ခွင့်ပေးပြီး လူ့စိတ်ကို စမ်းသပ်ဖို့ ဆေတန်ကို အေဒင်ဥယျာဉ်ထဲ လာခွင့်ပေးပါတယ်။ ဘုရားသခင်ဟာ လူတွေ အပြစ်ရှိစေဆိုပြီး ကြိုတင် မလုပ်ခဲ့ပါဘူး။

ဆိုကရေတီး။ ။ ဒါပေမဲ့ ဘုရားသခင်ဟာ အဲဒီအခြေအနေ ပတ်ဝန်းကျင်မျိုး ဖြစ်လာဖို့ကို ဖန်ဆင်းခဲ့ ပါတယ်။ အခြေအနေမှာပါဝင်တဲ့ အစိတ်အပိုင်းတိုင်းကို ဖန်ဆင်း တဲ့အခါ အကျိုးတရား အသီးသီးဟာ ဘယ်လို တုံ့ပြန်မယ်ဆိုတာကို သူ အတိအကျ သိပါတယ်။ ဘာကြောင့်ဆို သူက အားလုံးကို သိတာ ကိုး။ ပါဝင်သူတိုင်းကို အဲဒီအတိုင်း အတိအကျဖြစ်ဖို့ သူရည်ရွယ်ခဲ့တယ်။ ဘာကြောင့်ဆို သူက အနန္တ တန်ခိုးရှင်ဖြစ်ပြီး အမှားအယွင်းကို မလုပ်နိုင်လို့ဘဲ။ ဆေးဆရာ တစ်ယောက်ဟာ အမယ်တွေ အများ ကြီးပါတဲ့ ဆေးတစ်မျိုး ဖော်စပ်တယ်ဆိုပါစို့။ ဆေးအမယ်တွေ တုန်းကတော့ ဘာမှဥပါဒ်မဖြစ်စေပေမဲ့ ဖော်စပ်ပြီးတဲ့အခါ ဆိုးရွားတဲ့ အဆိပ်တစ်မျိုး ဖြစ်သွားတယ်ဆိုပါစို့။ လူနာကို ကျွေးပြီးနောက် လူနာ သေခြင်းအတွက် တာဝန်မယူသလိုပေါ့။ အဲဒီလိုပဲ ဘုရားသခင်ဟာ အပြစ်ကင်းတဲ့ လူ၊ အသိဉာဏ် သစ်ပင်၊ လှပတဲ့ဥယျာဉ်၊ နတ်တစ်ယောက် ဆိုတာတွေကို ဖန်ဆင်းဖော်စပ်ခဲ့တာပဲ။

ယေရှု။ ။ ဘုရားသခင်ရဲ့ ကြီးမြတ်မှုအတွက် အားလုံး အပြစ်ရှိသွားတာပဲ။

ဆိုကရေတီး။ ။ ကျွန်ုပ်အထင် ခင်ဗျားရဲ့ ဘုရားသခင်က လူတွေ ဒုက္ခခံစား ရတာကို ရှုစားတော်မူရုံပဲ လူတွေကို ဖန်ဆင်းခဲ့တာပဲ။ ဆေတန်၊ အေဒင်ဥယျာဉ်၊ လွတ်လပ်ဆန္ဒ ဆိုတာတွေဟာ အပေါ်ယံပါဗျာ။ လူတွေကို အကြမ်းဖက်၊ သတ် ဖြတ်၊ ညှဉ်းဆဲ၊ နှိပ်ကွပ်ဖို့ ဘုရားသခင်က အကြောင်းပြရုံ သက်သက်ပါ။ အနန္တ တန်ခိုးရှိပြီး အားလုံးကို သိသူက အရာခပ်သိမ်းကို ဖန်ဆင်းပြီး တစ်နည်းနည်းနဲ့ ဖန်ဆင်းခံ ပုဂ္ဂိုလ်တွေအပေါ် လက်တုံ့ပြန်ခွင့် ရှိတယ်ဆိုရင် တကယ်တော့ ဘုရား သခင်ဟာ အဲဒီနည်းနဲ့ တုံ့ပြန်ဖို့ လူတွေကို ရည်ရွယ်ခဲ့တာဖြစ်လို့ ဒိအကျိုး ဆက်တွေအတွက် လုံးဝ တာဝန်ရှိပါတယ်။

ယေရှု။ ။ ခင်ဗျားကို ကျုပ် သတိပေးပါတယ်။ ဘုရားသခင်ဟာ သရော်စရာ မဟုတ်ဘူး။ အဲဒီလို မပြောပါနဲ့။ နို့မဟုတ်ရင် ခင်ဗျား ငရဲမီးထဲ ပစ်ချခံရတော့မှာပဲ။ အဲဒီမှာ ခင်ဗျား အံကြိတ်ပြီး ထာဝရ ညှဉ်းပန်း နှိပ်စက်မှုတွေ ခံရမှာဗျ။

ဆိုကရေတီး။ ။ ကျွန်ုပ်တို့ရဲ့ အိုလံပစ်မြို့က နတ်ဘုရားတွေ ကိုယ်ကျင့်တရားပျက်ယွင်းပြီး ကြောင်းကျိုး မဆီလျော်ဘူးလို့ ကျွန်ုပ် ထင်ခဲ့တာ။ ခုတော့ ခင်ဗျားတို့ ဘုရားသခင်နဲ့ နှိုင်းစာရင် ကျွန်ုပ်အထင် ကျွန်ုပ်တို့ နတ်ဘုရားတွေက အများကြီး ကြင်နာ ခွင့်လွှတ်တတ်တဲ့ ကောင်တွေ ဖြစ်နေပုံပဲ။

ယေရှု။ ။ အိုး၊ ဘုရားသခင်က ကောင်းပါတယ်။ ဘုရားသခင်ရဲ့ ထာဝရ အနန္တ ကရုဏာတော်အတွက် ကျေးဇူးတင်စမ်းပါဗျာ။

----------------------
တွေ့ဆုံခန်း (၁၀) မှာ ကမ္ဘာပေါ်က ဆင်းရဲ ဒုက္ခတွေအကြောင်းကို ဆွေးနွေးကြပါတယ်။

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP