၁။ သမ္မာစကားဦး

ရှေးဦးလူသားတို့သည် သဘာဝဘေးအန္တရာယ်နှင့် ကြုံရသောအခါ အားကိုးရာကို ရှာဖွေကြ၏။ ရှာဖွေ ကြရင်း သစ်ပင် တောတောင် ရေမြေ သမုဒ္ဒရာ နေလ နက္ခတ်တာရာများကို ကိုးကွယ်ရာဟု ထင် မှတ်ခဲ့ကြ၏။ ထိုမှတစ်ဆင့် စိတ်ကူးယဉ် ပုံဖော်ပန်းချီးရုပ်တုများ ပြုလုပ်၍ ကိုးကွယ်လာကြပြန်၏။ ထိုမျှ နှင့်ပင် မကြေနပ်နိုင်ကြသေးဘဲ စကြာဝဠာကမ္ဘာမိုးမြေကို အုပ်စိုးပိုင်သပြီး အပူအအေးနှင့် ရွေ့ရှားမှု ရပ် တည်မှု စသည့်စွမ်းအင်များဖြင့် တည်ဆောက်ထားသော သဘာဝယန္တရားကြီးကို အဆက်မပြတ် လည် စေသည့် မဟာစူပါတန်းခိုးရှင် တစ်ယောက် ဧကန်ရှိရမည်ဟု စွဲလမ်း ပုံဖော်ကြစဉ် ယင်းထာဝရ ဘုရားသည် လူသားတို့၏ နှလုံးအိမ်၌ ဝင်ရောက် နေရာယူသွားလေ၏။

အမှန်သော် မီးတောင် ငလျင် မိုးကြိုး မုန်တိုင်း စသည်တို့ကား အရိုင်းတိရိစ္ဆန်များကဲ့သို့ ရိုးသား ပွင့်လင်းပြီး ထင်သာမြင်သာ ရှိသောကြောင့် ညာဏ်ရှိသူတို့ ကာကွယ်ရှောင်ရှားရန် နည်းလမ်းများ ရှိနိုင်ပါ၏၊ သို့သော် လူ့နှလုံးအိမ်၌ သံငါးမျှားချိတ်ပမာ စူးဝင်သွားသည့် ထာဝရဘုရားကား ပြခဲ့ပါ အရိုင်းအန္တရာယ်များထက် အဆပေါင်း အရာအထောင်မက ဖျက်အားပြင်းထန်သည့် ရောဂါဆိုးကြီး ဖြစ်ရချေသည်။ အသိညာဏ်နည်းပါးသည့် လူသားတို့သည် မိမိတည်းဟူသော လူသားကပင် ဖန်ဆင်း ခဲ့သည့် ယင်းထာဝရဘုရား၏ အရိပ်မည်း အောက်တွင် မှောက်တစ်ခါ ပြန်တစ်ချီ ရီ(ရယ်)တစ်ကြိမ် ငိုတစ်လှည့် ရူးချင်တိုင်း ရူးနေကြရ၏။ လူသည် မိမိဇာတ်ကောင်း၏ ဇာက်ကွင်းကို ဆွဲမနိုင် ထိန်းမရ ဖြစ်ချေပြီ။

ထာဝရဘုရားကို အကြောင်းပြု၍ လူ့တန်ဖိုး ပျက်ပြားလျက် လူအချင်းချင်း ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြ၏၊ သတ် ဖြတ်နေကြဆဲလည်း ဖြစ်၏။ ပြည်ရွာနိုင်ငံအတွင်း စစ်ပွဲတွေ အကြိမ်ကြိမ် ဖြစ်ပွါးခဲ့ကြရ၏။ ဖြစ်ပွား နေဆဲလည်း ဖြစ်၏။ သွေးရင်းသားရင်း ညီအစ်ကို မောင်နှမချင်းပင် လူစိတ် ပျောက် အရိုင်းစိတ်ပေါက်ပြီး သတ်ဖြတ်ခဲ့ကြ၏။ သတ်ဖြတ်နေကြဆဲလည်း ဖြစ်၏။ လူသားတို့ ဘာ လုပ်ကြမည်နည်း။ အရိုင်းလက်သည် ယင်းခလုတ်ဆူးငြောင့် ဘေးဆိုးကြီးကို မြင်အောင် မြင်တတ် အောင် လုပ်ရမည်။ မြင်ပြီးသည်နောက် အသိညာဏ် ညှပ်ကြီးဖြင့် သတ္တိရှင်းရှင်း အံကိုတင်း၍ အချင်း နှုတ်ပစ်ရမည်။

လက်သည် ဆူးခလုတ် ဘာယ်ကလာသနည်း။ ဇာတိချက်ကြွေ ဘယ်မြို့ ဘယ်ရွာ ကနည်း။ ဘယ်သူတွေက သည်ဆူးခလုတ်ကို ဖန်ဆင်းခဲ့လေသနည်း။ ဘာကြောင့် နည်း။ သူ့စရိုက် မည်သို့နည်း။ သူ့အကြောင်းကို စာပြုသူတို့ မည်သို့ သရုပ်ဖော်ခဲ့ကြ သနည်း။ သူ့စရိုက် သက်ဝင်လာအောင် သရုပ်ဖော်ရာ၌ စာပြုသူတို့၏ စိတ်တွင် မျှတမှုရှိသလော။ သို့တည်းမဟုတ် လူမျိုးစွဲဒေသစွဲ အသားရောင်မတူ ဘာသာရေး ကွဲပြားမှုများကို အခြေခံသည့် တစ် ဖက်စောင်းနင်း စိတ်ခံစားမှု ရှိခဲ့လေသလော။ ရှိသည်ဆိုလျှင် မည်မျှပြင်းထန်သနည်း။ ၎င်းတို့ ဖန်တီး ပေးလိုက်သည့် ဆူးဇာတ်ကောင်သည် လူသမိုင်းတစ်လျှောက် လူသားကို ကောင်းကျိုးပြုခဲ့လေ သလော။ ကောင်းကျိုးနှင့် ဆိုးကျိုး ဘယ်သင်းက ပိုသနည်း။ ရိုင်းသလော၊ ယဉ်သလော။ နုသလော၊ ကြမ်းသလော။

အထက်ပါ မေးခွန်းများကို ဖြေဆိုနိုင်ရန် သမ္မာကျမ်း မြတ်ကို သင်ယူလေ့လာဖတ်ရှုကြည့်သောအခါ အလွန်အင်မတန် အံသြတုန်လှုပ် သွားမိသည်အထိ စိတ်ခံစားမှုတစ်မျိုး ဖြစ်သွားရ၏။ ရီလီဂျင်း (Religion) ဟုခေါ်သော ဘာသာ ရေးသည် အနှီးကဲ့သို့သဘောာ ရှိချေ၏တကားဟူ၍ သုံးသပ်မိ၏။ လူဖြစ်လျက်ပင် ကြက်ငှက် တိရိစ္ဆန်းငယ်များကဲ့သို့ဖြုတ်ခနဲ အစုလိုက် အပြုံလိုက် သတ်ပစ်ခြင်းများ၊ ငါစကားသာ အမှန်ကျန်သည့်အားလုံး အမှား၊ ငါစကား နားမထောင်လျှင် ငါရန်သူ၊ ငါသည်သာလျှင် သင်တို့၏ ကိုးကွယ်ရာ ဆိုသည့် အတ္တလွန် အယူအဆများဖြင့် ပြည့်လျှံနေ၏။ အိုဘယ့် သမ္မာ (မှန်ကန်သော)ကျမ်းနှယ် အိုဘယ်လို သမ္မာဘုရားကိုမှ သရုပ်ငယ် ဖော်မိသကွဲ့လေးဟုသာ မြည်တမ်း မိတော့၏။

၎င်းတို့၏ ဓမ္မဆရာများက မည်သို့ အဓိပ္ပါယ် ကောက်ယူပါသည်ဟု ရှင်းချက်ထုတ်ဆိုစေကာမူလည်း အဓိပ္ပါယ်မှာ ထင်ရှားပါ၏။ ဘာဆို လိုသည်ကို ဖတ်ကြည့်လျှင် လူတိုင်းနားလည်နိုင်သည်သာ ဖြစ်ပါ၏။ တစ်ချို့က လက်ရှိ သမ္မာ ကျမ်းသည် မူရင်းကျမ်းမဟုတ်၊ မူရင်းမှာ လက်တင်ဘာသာဖြင့် ရှိနေပြီး ဘာသာပြန်သူတို့၏ မှားယွင်းချက်မျှသာ ဖြစ်သည်ဟု ဆို၏။ တစ်ချို့ကလည်း ကျမ်းဟောင်းသည် လေ့လာရန်သာ ဖြစ်ပြီး ကျင့်သုံးရန် မဟုတ်ဟုလည်း ဆိုကြပြန်၏။ ၎င်းတို့ ကိုယ်တိုင် လိုရင်လိုသလို ဆွဲယူကိုးကားနေကြလင့်ကစား ကျမ်းဟောင်း စကားများမှာ ယနေ့ခေတ် လူသားများနှင့် မဆိုင် ဟုဆိုသည်ကိုလည်း ကြားရ၏။ မည်သို့ဆိုစေ အားလုံးမှာ အမြီးအမောက် မတည့်သည့် မိမိတို့၏ သမ္မာကျမ်းကို ကာကွယ်ရန် ဆင်ကိုယ်ကို ဆိတ်ရေဖြင့် ဖုံးနေကြခြင်းသာ ဖြစ်၏။

ဘုရားနှုတ်ထွက်စကားဟူသည် အချိန်တိုင်း နေရာတိုင်း လူတိုင်းအတွက် မှန်ကန်ရမည် မဟုတ်လော။ သို့မှသာ သမ္မာ (သစ္စာ) အမည်ကို ရသင့်သည် မဟုတ်လော။ အချစ်တော် အစ္စရေး လူတစ်စုအတွက် အထူးဟောကြားသည်ဆိုသော တရားမှာ အများသူငါအတွက် အကျိုးရှိနိုင်အံ့လော။ ကမ္ဘာမြေ ငြိမ်း ချမ်းမှုကို ဖြစ်စေနိုင်မည်လော။

မျှော်လင့်ချက် ပျောက်ဆုံး ခြင်းမှာ Lord Tennyson ၏ ထာဝရဘုရားကို ဝေဖန်ဆန်းစစ်သည့် ကဗျာခေါင်းစဉ် Despair ဖြစ်၏။ ဆိုကရေးတီး နှင့်ယေရှု့ တွေ့ဆုံခန်းမှ အတွေးအမြင်ကို ရရှိပြီးနောက် အဘယ့်ကြောင့် ဆိုကရေးတီးနှင့် Lord Tennysonတို့ ယင်းသို့ တွေးမြင်ယူဆသနည်းဟူသည်ကို သမ္မာကျမ်းမြတ်မှ နှုတ်တော်ထွက် စာသားမူရင်းများကို စာရှုသူတို့ ကိုယ်တိုင် လေ့လာဖတ်ရှုပါကုန်။ လေ့လာဖတ်ရှု၍လည်း အတွေးသစ်အမြင်သစ်များဖြင့် ဘဝခရီးကို လျှောက်လှမ်းပါကုန်။ နှိုင်းယှဉ် ချင့်ချိန်၍လည်း အတွေးဆက်ပါကုန်၊ သူတစ်ပါးတို့အားလည်း တစ်ဆင့် ဖောက်သည်ချပါကုန်ဟု တိုက်တွန်းလိုက်ပါသည်။

လောက၌ လူကို အဆိပ်အတောက်ဖြစ်စေသော အယူသည်းအစွန်းရောက် အယူမှားတို့ မှေးမှိန် ပျောက်ကွယ်၍ လူ့စိတ်ဓာတ်ကို ကျန်းမာစေပြီး လူ့ကောင်းကျိုးကို ဆောင်ရွက်နိုင်သော ဒဿနတရား ထွန်းတောက်ပါစေ။

မှတ်ချက်။ ။လေ့လာ သုတေသနပြုထားသူ တစ်ဦး၏ စာစုများကို တစ်ဆင့် ဖောက်သည်ချခြင်းသာ ဖြစ်ပါသည်။ လူသားအား မည်သည့်နည်းနှင့်မျှ ကောင်းကျိုး မပေးနိုင်သော ထာဝရဘုရားသခင်၏ မူရင်း အဆိုအမိန့် ကောက်နုတ်ချက်များနှင့် တိုတောင်း ပြတ်သားသည့် ဝေဖန်သုံးသပ်ချက်များကို ရှေ့တွင် တဝကြီး ဖတ်ရှုရပါလိမ့်မည်။

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP