၅၄။ လွယ်အိတ်ထဲက ဖန်ဆင်းရှင်
တစ်ခါသော် ကျွန်ုပ်သည် ဘတ်စ်ကားစောင့်ရင်း ဗုဒ္ဓဘာသာအကြောင်း စာတစ်အုပ်ကို ဖတ်နေသည်။ ခဏအကြာတွင် လူငယ်တစ်ယောက် ရောက်လာပြီး ကျွန်ုပ်ဘေးတွင် ထိုင်သည်။ ကျွန်ုပ် ဖတ်နေသည့် စာအုပ်ကို ကြည့်ပြီး ဗုဒ္ဓဘာသာလားဟု မေးသည်။
ဟုတ်ပါကြောင်း ကျွန်ုပ်ကပြောသောအခါ ဧဝံဂေလိတို့၏ ထုံးစံအတိုင်း အမှန်တစ်ဝက်နှင့် မခိုင် လုံမရေရာသည့် ကြွားလုံးများဖြင့် တရစပ် ဟောပြောတော့သည်။ သူသည် ပိုမိုစိတ်တက်ကြွလာသဖြင့် ၎င်းက 'ဘုရားသခင် တကယ်ရှိပါတယ်၊ ခင်ဗျားကို ကျုပ်သက်သေပြနိုင်ပါတယ်' ဟုဆိုလာသည်။ ကျွန်ုပ်က ရယ်ပြီး မဖြစ်နိုင်ပါဘူးဟု ပြောသည်။ 'ဒီလွယ်အိတ်ထဲမှာကို ဘုရားသခင်ရှိတယ် ဆိုတာကို ကျုပ် သက်သေပြနိုင်တယ်'ဟု ၎င်းကပြောသည်။
သူ့စကားကြောင့် ကျွန်ုပ်မျက်လုံးပြူးသွားပြီး ပြပါအုံးဟု ကျွန်ုပ်က ပြောသည်။ ထိုလူငယ်သည် လွယ် အိတ်ထဲသို့ လက်ထည့်လျက် လိမ်မော်သီး တစ်လုံးကို ထုတ်ပြသည်။ ယခုအခါ ကျွန်ုပ် စိတ်အိုက် သွားပြီး လိမ်မော်သီးက ဖန်ဆင်းရှင်ရှိတာကို ဘယ်လိုသက်သေပြမလဲဟု ထပ်မေးသည်။
လူငယ်သည် လိမ်မော်သီးကို ခွဲလိုက်ပြီး အမြွာများကို စိတ်လျက် 'ဘုရားသခင်က စကြဝဠာ တစ်ခုလုံးကို လူသားတွေရဲ့ အကျိုးအတွက် တီထွင်ထားတာ ပါ။ ဒီလိမ်မော်သီး လေးကိုကြည့်ပါ။ အမြွာတိုင်းကို ကျွန်ုပ်တို့ရဲ့ ပါးစပ်နှင့်ကိုက် ညီအောင် ဖန်ဆင်းထားတယ်' ဟုဆိုသည်။
ကျွန်ုပ် ခပ်ကျယ်ကျယ် ရယ်မောလိုက်ပြီး 'ဒါဖြင့်ရင် ဖရဲသီးကျတော့ကောဗျာ၊ ခင်ဗျားပါးစပ်နှင့် သင့် တော်အောင် ဘယ်လိုလုပ်သလဲ'ဟု ကျွန်ုပ်က မေးလိုက်မိသည်။ ဧဝံဂေလိတို့၏ ဖန်ဆင်းရှင်အား ယုံကြည်ရန် ထုတ်ပြသည့် ယုတ္တိမှာ ထိုမျှပင် လွယ်ကူလှဘိသည်။